အပိုင်း(၁)မှာ IELTS အကြောင်းအကျဉ်းနဲ့ လေ့လာလေ့ကျင့်သင့်တဲ့ စာအုပ်လေးတွေကို ဝေမျှပြီးနောက် အခုအပိုင်း (၂)မှာတော့ အများစုမေးကြတဲ့ မေးခွန်းတစ်ခုကို ဖြေပေးမှာဖြစ်ပါတယ်။
IELTS ဖြေချင်တာ ဘယ်လောက်ကြာ လေ့လာရမလဲ။ သင်တန်း ဘယ်လောက်ကြာ တက်ရမလဲ။
မိမိလက်ရှိ အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့် level ဘယ်လောက်ရှိလဲနဲ့ မိမိဘယ်အတိုင်းအတာအထိကျွမ်းကျင်ချင်သလဲ (Band Score ဘယ်လောက်ရအောင်လုပ်မယ်လို့ ရည်မှန်းသလဲ) ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါ့အပြင် မိမိအနေနဲ့ နေ့စဉ် လေ့လာလေ့ကျင့်နိုင်သလား၊ အချိန်ဘယ်လောက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်လုပ်နိုင်သလဲ၊ သင်တန်းကို တစ်ပတ် ဘယ်နှစ်နာရီတတ်နိုင်သလဲ၊ မိမိဘာသာမိမိ ဘယ်လောက်လေ့ကျင့်လေ့လာနိုင်သလဲ စသဖြင့် စသဖြင့်ပေါ်မှာ မူတည်ပါတယ်။
ကျွန်မ သင်ပေးဖူးတဲ့ ကျောင်းသူ (၂)ယောက်ကို ဥပမာထား၍ ဆက်ရှင်းပြပါမယ်။
အောက်ပါဖော်ပြထားတဲ့ IELTS Test Result (၂)ခုကို လေ့လာကြည့်ပါ။
Candidate Cho က အသက် (၁၀) နှစ်လောက်ကစပြီး စနေနှင့် တနင်္ဂနွေတွေမှာ တစ်နေ့ (၂)နာရီ၊ တစ်ပတ် (၄)နာရီ ပုံမှန် ကျွန်မရဲ့ Weekend English Class ကို (၅)နှစ်လောက်တက်ခဲ့ပါတယ်။ Cambridge English Exams တွေဖြစ်တဲ့ Movers, Flyers, KET, PET, FCE ကို တစ်နှစ် တစ်ဆင့်ဖြေခဲ့ပါတယ်။ သူမဟာ Government School မှာတက်ရောက်ပညာသင်ယူခဲ့သူပါ။ (၁၀)တန်း (တက္ကသိုလ်ဝင်တန်း) နှစ်မှာ ကျွန်မဆီမှာ လာတက်တဲ့ Weekend Class တွေကို သူမ နားထားပါတယ်။ (၁၀)တန်းဖြေပြီးနောက် Weekend IELTS အတန်းကို (၆)လလောက်တက်ပြီး IELTS test သွားဖြေပါတယ်။ Overall Band Score 7.5 ရပါတယ်။
Candidate Wai က International School မှာတက်ရောက် ပညာသင်ယူခဲ့သူဖြစ်ပါတယ်။ Grade 12 ပြီးတော့ အမေရိကားမှာကျောင်းတက်ချင်တာဖြစ်လို့ IELTS ဖြေဖို့လိုလာပါတယ်။ ကျွန်မဆီမှာ တစ်ယောက်တည်း သီးသန့်သင်တဲ့ individual coaching session တက်ပါတယ်။ နာရီပေါင်း (၅၀)လောက်တက်ခဲ့ပါတယ်။ ကျွန်မက သင်ယူသူရဲ့ လုပ်နိုင်အားပေါ်မူတည်ပြီး Homework ပေးလေ့ရှိပါတယ်။ သူမဟာ ကျွန်မ (၂)နာရီကြာလုပ်စရာ homework ပေးတဲ့အခါ သူမ ဒီထက်ပိုလုပ်နိုင်သေးတယ် ဆိုပြီး နောက်ထပ် (၂) နာရီ၊ (၃)နာရီကြာလုပ်စရာ ထပ်တောင်းလေ့ရှိပါတယ်။ ကျွန်မကလည်း ပျော်ရွှင်စွာနဲ့ homework တွေ ထပ်ပေးလေ့ရှိပါတယ်။ (၄) လလောက် လေ့လာလေ့ကျင့်ပြီးတဲ့နောက် IELTS test သွားဖြေပါတယ်။ Overall Band Score 7.5 ရပါတယ်။
သူမတို့ နှစ်ယောက်ရဲ့ Overall Band Score ကအတူတူပဲ ဖြစ်ပါတယ်။ Individual Score တွေ ဘယ်လို ကွာခြားလည်းဆိုတာ လေ့လာကြည့်ပါ။
IELTS (International English Language Testing System) ဟာ အင်္ဂလိပ်စာကျွမ်းကျင်တတ်မြောက်မှုကို စစ်ဆေးတဲ့ စာမေးပွဲတစ်ခု ဖြစ်တဲ့အတွက် မိမိ၏ အင်္ဂလိပ်စာ၊ စကား သင်ယူလေ့လာနိုင်စွမ်းနဲ့ ထိုဘာသာစကားကို နေ့တစ်ဓူဝ မိမိဘယ်လောက်အထိ ထိတွေ့ယဉ်ပါးလေ့ရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး Result တွေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ကြာကြာလေ့လာလေ့ကျင့်ရမလဲဆိုတာ မိမိပေါ်မှာ မူတည်ပါတယ်။
Best Wishes,
Hla Win May Oo @ Wendy
B.S.I Learning Academy
E-2/5၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်၊
တာမွေမြို့နယ်၊ ရန်ကုန်မြို့။
09 25 4278 273, 09 504 3135
info@bsieducation.com
www.bsieducation.com